ကျွန်တော်နှင့် ဥစ္စာစောင့် တစ်ကယ်ရှိတာလား (၂)
အဲ့ဒီလိုနဲ့
ကြံခင်းက ဆရာတော် ရောက်လာရောဆိုပါဆို့ဗျာ။
ဆရာတော်ရောက်လာတော့လည်း မမိုးမိုးက သတိလစ်နေတုန်းခင်ဗျာ့။ ဆရာတော်က
ရေမန်းတွေဘာတွေဖျန်းပြီး ဖနောင့်နဲ့ ကြမ်းပြင်လည်း
ဆောင့်လိုက်ရော မမိုးမိုးလဲ ငုတ်တုတ်ထ ထိုင်ဆိုပဲ။ ငုတ်တုတ်လည်း
ထိုင်ပြီးရော ဆရာတော်နဲ့ ကရင်လို ရောကြလေရဲ့။ ကရင်လိုရောရင်း ရောရင်းကနေ
နောက်ပိုင်း ဘာသာစကားပြောင်းသွားတာ
ဘေးကလူတွေလည်း နားမလည်တော့ပါဘူးတဲ့။ ဟို ကရင်ကျောင်းဆရာမလည်း
နားမလည်တော့ဘူး။ ထင်တာကတော့ ရှေးဟောင်း ဘာသာစကား
တစ်ခုဖြစ်မယ်ထင်ပါတယ်။
ဆရာတော်လည်း ပြောရင်း
ပြောရင်းနဲ့ ဒေါသတွေ ထွက်လာပြီးတော့ မမိုးမိုးကို ကြိမ်နဲ့ ဆော်ပါတော့တယ်။
မမိုးမိုးလည်း လူးလှမ့် နေတာပေါ့လေ။ အဲ့ဒါနဲ့ သိပ်မကြာပါဘူး မမိုးမိုး
အသံက ယောင်္ကျား
သံကြီးလိုပြောင်းသွားပြီးတော့ ဆရာတော့နဲ့ အတင်အချ ပြောတော့တာပါဘဲ။ နောက်မှ
သိရတာက ဆရာတော်နဲ့ ပထမ ပြောတာက အစ်မ အကြီးဆုံး
နဲ့ ပြောတယ်လို့ဆိုပါတယ်။ သူတို့ ရဲ့ အထွေးကလေးကို
လူ့ပြည်ပြန်မပို့တော့ဘူး ပြန်ခေါ်ထားမယ်ဆိုလို့ ဆရာတော်က သဘောမတူကြောင်း၊
လာပြီးမှတော့ သက်တမ်းစေ့နေပြီးမှ ပြန်ခေါ်ရမှာ ဖြစ်ကြောင်း၊
ဒီလို ခုလွှတ် ခုပြန်ခေါ် လုပ်ချင်တိုင်းလုပ်ရအောင် မင်းတို့ကိုယ် မင်းတို့
ဘာထင်နေသလဲ
လို့ ပြန်ပြောကြောင်း။ ဟိုက ဘူးခံနေတာနဲ့ ဆရာတော်လည်း တင်းပြီးတော့
ကြိမ်နဲ့ သမတယ်လို့
ဆိုပါတယ်။ သူ့ညီမ ကြိမ် သမခံနေရတာကို အစ်ကိုကတွေ့တော့
မခံမရပ်နိုင်ဖြစ်ပြီး အမအစား အစ်ကိုကြီးက ကြိမ်ဒဏ်ဝင်ခံရင်း ဆရာတော်နဲ့
စကားများကြတယ်လို့
ဆရာတော်က ပြန်ပြောပါတယ်။
နောက်တော့ အစ်ကိုကြီးသော ဘာသော နားမလည်ဘူး
သမ မယ်ဆိုပြီး ကြိမ်နဲ့ ထပ်ဆော်ပြန်ပါတယ်။
မမိုးမိုးက လူးလှမ့်နေတာပါဘဲ။ ကြိမ်လုံးရာတွေလည်း
တစ်ကိုယ်လုံးမွနေတာပေါ့လေ။ နောက်ဆုံးတော့ လူကြီးသံ
လိုမျိုး မမိုးမိုး ဆီက အသံထွက်လာပါတယ်။ ဆရာတော်ပြောတာကတော့
အဲ့ဒါဟာ သိုက် စောင့် ဘိုးဘိုးကြီးလို့ ဆိုပါတယ်။
နောက်တော့ ဆရာတော်နဲ့ သိုက်စောင့် ဘိုးဘိုးကြီးနဲ့ စကားတွေ အတင်အချ ပြောလိုက်တာ
အတော်ကြာသွားပါသတဲ့။ နောက်ဆုံးတော့ ဘယ်လို
ညှိလိုက်တယ်မသိပါဘူး ဆရာတော်က မင်းတို့လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေသလား။ ငါ သိုက်ကျောဖြတ်မယ်ဆိုပြီးတော့
ကြံခင်းကို မမိုးမိုးကို ခေါ်သွားဖို့ ပြင်ပါတယ်။
ကြားထဲမှာ ရထားစီးတာ၊ ကားစီးတာတွေကို ချန်ခဲ့ရင်တော့
ကြီးဒေါ်ရယ်၊ မမိုးမိုးရယ်၊ ဆရာတော်ရယ် ကြံခင်းကို ရောက်ပါလေရောပေါ့လေ။ ဟိုရောက်တော့ မြစ်ကူးပြီး ဆရာတော်ကျောင်းကို သွားရမယ့်
ခရီးပါ။ ဆရာတော်က သိုက်က အစ်ကိုကြီးရော၊ အစ်မ
၃ ယောက်ရောပါ ခေါ်လာပါသတဲ့။ မြစ်ကူးခါနီးကျတော့
လှေပေါ်ရောက်တော့ တစ်ယောက်ပြီး တစ်ယောက် တက်ခိုင်းပါသတဲ့။ အဲ့ဒီက အဒေါ်ကြီး ပြောပြတာကတော့ လှေက တစ်ယောက်တက်လိုက်တိုင်း
တစ်ယောက်စား မြုတ်မြုတ်သွားတယ်ဆိုပဲ။ ဟုတ်မဟုတ်တော့
မသိဘူးပေါ့လေ။ အဲ့ဒါနဲ့ နောက်ဆုံး အစ်ကို ကြီး
အလှည့်ကျတော့ အစ်ကိုကြီး က ပေကပ်ပြီး လှေပေါ်မတက်ဘူး လုပ်နေပါသတဲ့။ အဲ့ဒါနဲ့ ဆရာတော်လည်း အတင်းကြိမ်းမောင်းပြီး တက်ခိုင်းတော့မှ
လှေပေါ်ရောက်ပါသတဲ့။ လှေပေါ်ရောက်တော့ ဆရာတော်က
အဲ့ဒီ မမိုးမိုးရဲ့ အဒေါ်ကို ဟဲ့ဒကမကြီး ဟိုဘက်တိုးလိုက် ဒီမှာ အစ်ကို အကြီးဆုံးက ထိုင်စရာနေရာ
မရှိဘူးဖြစ်နေတယ်လို့ ဆိုလေတော့ အဒေါ်လည်း လန့်ဖျန့်ပြီး အမလေး အတူတူတော့ မထိုင်ပါရစေနဲ့ရှင်
ဆိုပြီး နောက်တစ်တန်း ဆုတ်ထိုင်တယ်လို့ ဆိုပါတယ်။
လှေပေါ်ရောက်တော့ ဆရာတော်က “ကဲ ငါ့ကျောင်းအပိုင်ရောက်ပြီ၊ နင်တို့ မောင်နှစ်မတွေ
အေးအေးဆေးဆေးလိုက်ခဲ့ လမ်းမှာ လှေကို မှောက်ပစ်မယ် မကျန်နဲ့ သိုက်ပြန်မရောက်ဘူး ဖြစ်သွားမယ်လို့
ကြိမ်းပါသတဲ့”။
ဆရာတော်ကျောင်းဝင်ခါနီးတော့ လှေပေါ်က ပါလာတဲ့
မောတဲ့မောင်နှမ ၄ ယောက်ကို ဆရာတော်က မှာပါသတဲ့ “နင်တို့ ဟိုရောက်ရင်
ငါ့ကျောင်းက ဟာတွေနဲ့
တည့်အောင်နေ ရန်မဖြစ်နဲ့တဲ့”။ ကြီးဒေါ် ပြန်ပြောတာကတော့
ဆရာတော့် ကျောင်းမှာလည်း ဥစ္စာစောင့်တွေရှိသတဲ့ဗျ။
နောက်ပြီး ဆရာ့တော့် ဗီဒိုထဲမှာလည်း အရုပ်တွေမှ အများကြီး ထူခြားတာက
ကျွဲညီနောက်ရုပ်တဲ့ခင်ဗျ။ လပြည့်ညရောက်လို့ အဲဒီ ကျွဲညီနောင်ကိုမှ
ဗီဒိုထဲက
မထုတ်ဖူးဆိုရင် ကျောင်းတစ်ခုလုံး ဗြောင်းကို ဆန်တယ်လို့ ပြောပါတယ်။ ဟုတ်သည်
မဟုတ်သည်ထား
စိတ်တော့ ၀င်စားစရာပေါ့ဗျာ။
အဲ့ဒီလိုနဲ့ ဆရာ့တော့်ကျောင်းမှာ မမိုးမိုးကို
ထား၊ ပြီးတော့ ဥပုတ်စောင့်ခိုင်း၊ ၈ ပါးသီလယူ၊
ယောဂီဝတ်ပြီးတော့ သိုက်ကျော ဖြတ်တယ်လို့ဆိုပါတယ်။
မည်သို့ပင်ဆိုစေ၊ နောက်ပိုင်းမှာတော့ မမိုးမိုးတစ်ယောက် သတိလည်း
မလစ်တော့သလို၊
အိပ်မက်လည်း မမက်တော့ပါဘူး။ ထူးဆန်းတာတစ်ခုက
မမိုးမိုးဟာ မြန်မာစကား တစ်မျိုးသာ ပြောတတ်သူ (အင်္ဂလိပ်စကားကတော့ ကျောင်းမှာ
သင်တယ်၊
ဒါကို ထားလိုက်ပါတော့) တစ်ယောက်ပါ။ ဒီလို အဖြစ်အပျက်တွေ
ဖြစ်ပြီးတော့ ကရင်စကားရော၊ တစ်ခြားစကားကိုပါ
ဒေသခံတစ်ယောက်လို မွှတ်နေအောင်ပြောပေမယ့်၊ အခုဆိုရင်
သူဟာ အဲ့ဒီ ဘာသာစကားတွေကို လုံးဝ ပြန်မပြောနိုင်တာပါ။ အဲ့ဒီတော့ ယုံရ
ခက်ခက်ကြီးရယ်။ လက်တွေ့ ကိုယ့်ရှေ့မှာ အဲ့ဒီလိုမျိုး ဖြစ်သွားတယ်ဆိုလေတော့
ဥစ္စာစောင့်ဆိုတာ တစ်ကယ်ရှိတယ်၊ မရှိဘူးဆိုတာ ပြောရမှာ မလွယ်လှဘူး
ဖြစ်သွားပါတယ်။ ခုတော့ မမိုးမိုးတစ်ယောက်လည်း အိမ်ထောင်တွေဘာတွေကျပြီးတော့
ကလေးတွေတောင် ထွန်းကားနေပြီထင်ပါရဲ့။
ဒါတင်လားဆိုတော့
မဟုတ်ပါဘူး။
ကျွန်တော် အဖေရဲ့ ဇာတိမြို့က ကန်ကြီးဒေါင့်မြို့ပါ။
ကန်ကြီးထောင့်မြို့ဆိုတာ ဘယ်ကနေ နာမည်တွင်လာလည်းမသိပေမယ့်၊ အဒေါ်ရဲ့
အိမ်နောက်ဖေးမှာတော့ ကန်ကြီး တစ်ကန်ရှိပါတယ်။ အခုတော့ အိမ်တိုင်းက
ကျောပေးပြီး အိမ်သာလှည့်ဆောက်ထားလေရဲ့။ အဲ့ဒီမှာလည်း
သိုက်ရှိတယ်ဆိုပါတယ်။ အဲ့ဒီသိုက်က နောက်ပိုင်း လူတွေ က
အိမ်သာလှည့်ဆောက်ပါများလာလို့
ကန်ကြီးဒေါင့် ရွှေလိပ်ပြာ ဘုရားဘက်ကို သိုက်ပြောင်းတယ်ဆိုပါတယ်။
သိုက်ပြောင်းတဲ့နေ့ကတော့ ညနေ၀င်ရီတလျှောမှာ ရွှေလှေတွေ
မိုးပေါ်ပျံပြီးတော့ ရွှေလိပ်ပါဘုရားဆီကို ဆည်းလည်းသံ တစ်ချွင်ချွင်နဲ့
ပြောင်းကြတယ်လို့
လူတွေဆိုကြပေမယ့် ကျွန်တော်ကတော့ မျက်မြင်ကိုယ်တွေ့မဟုတ်လို့ မယုံပါဘူး။
ဒါပေမယ့် ကန်ကြီးဒေါင့် ဆရာတော် ဘုရားကြီး တည်ထားခဲ့တဲ့
လေးမျက်နှာ စေတီတော်ရဲ့ မုဒ်ဦးတစ်ခုကတော့ အမည်မဖော်လိုတဲ့
ဥစ္စာစောင့်တစ်ယောက်က ဆရာတော်ကြီးထံ
ရွှေတွေလာပေးပြီးတော့ ဘုရားတည်ဖို့ လှုဒါန်းသွားတယ်လို့ ဆိုပါတယ်။
ယခုအချိန်အထိ အဆိုပါမုဒ်ဦးမှာ ထိုကဗြည်းစာတမ်းကို
ဖတ်နိုင်သေးကြောင်း ကန်ကြီးဒေါင့်မြို့ကို အလည်ရောက်ခဲ့တယ်ဆိုရင်
သွားရောက်ကြည့်နိုင်ပါကြောင်း၊ ဥစ္စာစောင့် တစ်ကယ်ရှိသလားဆိုတဲ့
မေးခွန်းလေးကို စဉ်းစားဖို့ ပိုစ်တစ်ခုအနေနဲ့
တင်ပေးလိုက်ပါတယ် ခင်ဗျား။
No comments:
Post a Comment