Monday, February 8, 2016

http://blog-aunghtut.blogspot.com/2013/02/blog-post_24.html မှကူးယူပါသည်။ ကျွန်တော်နှင့် ဥစ္စာစောင့် တစ်ကယ်ရှိတာလား ၃


          ဥစ္စာစောင့် တကယ်ရှိမရှိကတော့ ကျွန်တော်လည်း သေသေချာချာတော့ မပြောတတ်။  အရင်အပိုင်း ၁ ကတော့ ကျွန်တော့် အမေရဲ့ ဆေးခန်းမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကလေးကို ရေးထားတာ။  ခုအပိုင်းကတော့ ကျွန်တော့် အဖေရဲ့ ဇာတိမြို့ကလေး ကန်ကြီးဒေါင့်မြို့က အကြောင်းလေး။  ကန်ကြီးဒေါင့်ဆိုတာက ပုသိမ်ကနေဆိုရင် ၁၈ မိုင်လောက်ဆိုတော့ နာရီဝက် ၁ နာရီလောက် ကားမောင်းသွားရင်ရောက်တယ်။  အရင်တုန်းက ကားလမ်းတွေသိပ်ပြီးတော့ မပေါက်သေးတော့ ကန်ကြီးဒေါင့်နားက ဘဲကရက်၊ ဒေါင့်ကြီး၊ ကံကုန်း၊ ဖားစီကွင်း စတဲ့ စတဲ့ ရွာကလေးတွေက ကန်ကြီးဒေါင့်ကိုပဲ အားထားနေရတာ။  ဘာဖြစ်လို့လဲဆိုတော့ ကန်ကြီးဒေါင့်က မြစ်ကမ်းဘေးက ဆိပ်ကမ်းမြို့ကလေးလို ဖြစ်နေတော့ ရေလမ်းက အဓိကပဲ။  အနီးအနားကရွာတွေက စပါးပေါ်ချိန်ဆိုရင် စက်လှေတွေနဲ့ လာပြီးတော့ စပါးလာအပ်ကြ၊ ကြိတ်ကြ၊ ရလာတဲ့ ငွေစလေးတွေနဲ့ ငရုပ်၊ ကြက်သွန် စတဲ့ ကုန်စိမ်းတွေ ဖြစ်ဖြစ်၊ အ၀တ်အစားတွေဖြစ်ဖြစ် ကန်ကြီးဒေါင့်မှာပဲ လာပြီး ၀ယ်ကြတာ။  ခုကျတော့ ကားလမ်းတွေပေါက်လာပြီဆိုတော့ ကန်ကြီးဒေါင့်မြို့လဲ အရင်လောက် သိပ်ပြီး စည်စည်ကားကားမရှိတော့ပါဘူး။  အဲ.. စကားမစပ် မော်ဒယ် ချောရတနာ ကလည်း ကန်ကြီးဒေါင့် ဇာတိပဲ။
          ကန်ကြီးဒေါင့်ရောက်ရင် လောကမှန်ကူ ဆုတောင်းပြည့်စေတီတော် ရှိမယ်။  ပုဂံခေတ်က ပုံစံကို ယူပြီးတော့ ဆောက်ထားတဲ့ စေတီတော်။  စေတီတော်ထဲမှာ ရွှေ၊ ကျောက်မျက်ရတာနာတွေနဲ့ ပူဇော်ထားတဲ့ ဆင်းတုတော် ရှိတယ်။  ပွဲတော်ရက်တွေဆိုရင်တော့ အပူဇော်ခံပါတယ်။  အနီးကပ် ကြည့်လို့လဲရတယ်။ ဒီ စေတီတော်ကို တည်တုန်းက ထူးထူးခြားခြားလေးတွေတော့ ရှိခဲ့ဖူးတယ်။  ဒါကတော့ သိုက်မောင်နှမ ဇာတ်လမ်းပဲ။  စေတီတော်ကို ဦးစီးဦးဆောင်ပြီးတော့ တည်ထားခဲ့တာက အခု ပျံလွန်တော်မူသွားပြီးတဲ့ ကန်ကြီးဒေါင့်ဆရာတော်ကြီး။  စေတီတော်ကြီးနဲ့ ကပ်ရပ်မှာက မင်္ဂလာရာမ ကျောင်းတိုက်ရှိတယ်။  ပရိယတ္တိစာပေတွေကို သင်ကြားပို့ချပေးနေတဲ့ ကျောင်းတိုက်။  ကျောင်းတိုက်ကြီးကလည်း တော်တော့်ကို ထည်ဝါတဲ့ မှန်စီရွှေချ ကျောင်းတိုက်ကြီး။  သင်္ကြန်တို့၊ အခါကြီး ရက်ကြီးတွေဆိုရင် မိုးကုတ်ဝိပဿနာတရားစခန်းဖွင့်တယ်။ နောက်ပြီးတော့ ရှင်ပြု နားသ မင်္ဂလာပွဲတွေလဲ ရွာနီးချုပ်စပ်ကလူတွေ လာပြီးတော့ စုပေါင်းရှင်ပြု ပွဲတွေ လုပ်ကြတယ်။  နောက်ပြီး နှစ်တိုင်း ဘုရားပွဲရှိတယ်။  ဘုရားပွဲတော်ဆိုရင် အရမ်းပျော်ဖို့ ကောင်းသပေါ့။  ဇာတ်ပွဲ၊ စားသောက်ဆိုင်တန်းတွေ၊ ဒေသထွက် ပစ္စည်းရောင်းတဲ့ဆိုင်တွေ.. စသည် စသည်ဖြင့်။


         ထူးဆန်းတယ်ဆိုတာက ဒီလို စေတီကြီးကို တည်နိုင်တယ်ဆိုတဲ့ အချက်ကိုပါ။  စေတီတော်ကြီးတည်တော့ အနယ်နယ် အရပ်ရပ်က အလှူရှင်တွေ အားတက်သရော လာပြီးတော့ လှူဒါန်းကြတာပဲ။  ဒါပေမယ့် စေတီတော် ကုန်ကျတဲ့ စရိတ်ကို တွက်ကြည်လိုက်ရင် လှူဒါန်းလို့ရတဲ့ ငွေနဲ့ မဖြစ်နိုင်လောက်တဲ့ အနေအထား။  နောက်ပြီးတော့ ဆရာတော်ကြီးကို သိုက်က သိုက်စောင့်ဘိုးဘိုးကြီးနဲ့ သိုက်က မောင်နှမတွေ လာရောက်ပြီးတော့ လှူဒါန်းကြတယ်လို့လဲ ငယ်ငယ်တုန်းကတော့ ကြားဖူးပါရဲ့။  သို့ပေမယ့် ဟိုလူပြော၊ ဒီလူပြောဆိုတော့ ဂဃနဏ သေချာ မကွဲပြားဘူး။  ဒါပေမယ့် ဒီစေတီကြီး တည်တော့ သိုက်မောင်နှမတွေရဲ့ သိုက်နန်းနဲ့ သိုက်စောင့် ဘိုးဘိုးကြီးတို့ရဲ့ ရုပ်တုတွေကတော့ အခုအချိန်ထိရှိတုန်းပဲ။  စေတီတော် တည်တဲ့အချိန်တုန်းကဆိုရင် ညပိုင်းတွေမှာ စေတီတော်ပေါ်မှာ သိုက်စောင့်ဘိုးဘိုးကြီး လမ်းလျှောက်နေပါတယ်ဆိုပြီးတော့ ပြောသံတွေလဲ ကြားဖူးရဲ့။ 









          နောက်တစ်ခုက စေတီရဲ့ မုဒ်တစ်ခုမှာ အမည်မဖော်လိုသူ ပါရမီရှင် အမျိုးသမီးတစ်ဦး ကောင်းမှု့ဆိုပြီး ခုချိန်အထိ ရေးထိုးထားတဲ့ မုဒ်ဦးတစ်ခုပါပဲ။  အဲဒီအချိန်တုန်းကတော့ အစိမ်းရောင်ဝတ်စုံ ၀တ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးက ဆရာတော်ကြီးဆီကို လာပြီးတော့ မုဒ်ဦးအတွက် ရွှေငွေ ရတနာတွေ လာပြီးတော့ လှူဒါန်းသွားတယ် လို့ကြားဖူးတယ်။  တချို့ကလဲ နဂါးသိုက်ကလာတယ်လို့ ပြောကြသလို၊ တချို့ကလဲ ဥစ္စာစောင့်လို့ ပြောကြတာပဲ။  မည်သို့ပင်ဖြစ်စေ ကျွန်တော် ဒီစေတီကြီးဆီကို သွားပြီးတော့ ဖူးတိုင်း ထူးခြားတဲ့ ခံစားမှု့တစ်ခုကို အမြဲတမ်းခံစားရတယ်။  အဲဒီမှာ ကျွန်တော့်အဖေကို ရည်စူးပြီးတော့ အန္ဒိယက ဗောဓိညောင်ပင်ကို လှူထားတာရှိတယ်။  ပြန်ရောက်တိုင်း သွားပြီးတော့ ကြည့်ဖြစ်တယ်။  ညောင်ရေသွန်းပွဲတော်နဲ့ ကြုံရင်လဲ သွားပြီးတော့ ညောင်ရေသွန်းဖြစ်တယ်။  ခု ဗောဓိညောင်ပင်လဲ တော်တော်လေးကြီးလာပြီဆိုတော့ ငုံထားတဲ့ ပတ်လည်က အုတ်တွေကို ချဲ့ရဦးမယ်။

          နောက်ထပ်စေတီတစ်ခုကတော့ ရွှေလိပ်ပြာ စေတီပါ။  အဲဒီမှာလဲ ဇာတ်လမ်းလေးရှိတာပဲ။  အပိုင်း ၁ နဲ့ ၂ မှာ ကျွန်တော် ထဲ့ပြီးတော့ ရေးခဲ့ဖူးတယ်ထင်ပါတယ်။  မည်သို့ပင်ဖြစ်စေ ဥစ္စာစောင့် တစ်ကယ်ရှိမရှိကတော့ ကျွန်တော်လည်း သေသေချာချာ ရှိပါတယ်လို့ မပြောနိုင်သလို၊ မရှိပါဘူးလို့လဲ မပြောနိုင်ပါဘူး။  ထူးခြားတာလေးတွေကတော့ ရှိနေတာပါပဲ။

ကျွန်တော်နှင့် ဥစ္စာစောင့် တစ်ကယ်ရှိတာလား (၂)


           အဲ့ဒီလိုနဲ့ ကြံခင်းက ဆရာတော် ရောက်လာရောဆိုပါဆို့ဗျာ။  ဆရာတော်ရောက်လာတော့လည်း မမိုးမိုးက သတိလစ်နေတုန်းခင်ဗျာ့။  ဆရာတော်က ရေမန်းတွေဘာတွေဖျန်းပြီး ဖနောင့်နဲ့ ကြမ်းပြင်လည်း ဆောင့်လိုက်ရော မမိုးမိုးလဲ ငုတ်တုတ်ထ ထိုင်ဆိုပဲ။  ငုတ်တုတ်လည်း ထိုင်ပြီးရော ဆရာတော်နဲ့ ကရင်လို ရောကြလေရဲ့။  ကရင်လိုရောရင်း ရောရင်းကနေ နောက်ပိုင်း ဘာသာစကားပြောင်းသွားတာ ဘေးကလူတွေလည်း နားမလည်တော့ပါဘူးတဲ့။  ဟို ကရင်ကျောင်းဆရာမလည်း နားမလည်တော့ဘူး။  ထင်တာကတော့ ရှေးဟောင်း ဘာသာစကား တစ်ခုဖြစ်မယ်ထင်ပါတယ်။  
                      ဆရာတော်လည်း ပြောရင်း ပြောရင်းနဲ့ ဒေါသတွေ ထွက်လာပြီးတော့ မမိုးမိုးကို ကြိမ်နဲ့ ဆော်ပါတော့တယ်။  မမိုးမိုးလည်း လူးလှမ့် နေတာပေါ့လေ။  အဲ့ဒါနဲ့ သိပ်မကြာပါဘူး မမိုးမိုး အသံက ယောင်္ကျား သံကြီးလိုပြောင်းသွားပြီးတော့ ဆရာတော့နဲ့ အတင်အချ ပြောတော့တာပါဘဲ။  နောက်မှ သိရတာက ဆရာတော်နဲ့ ပထမ ပြောတာက အစ်မ အကြီးဆုံး နဲ့ ပြောတယ်လို့ဆိုပါတယ်။  သူတို့ ရဲ့ အထွေးကလေးကို လူ့ပြည်ပြန်မပို့တော့ဘူး ပြန်ခေါ်ထားမယ်ဆိုလို့ ဆရာတော်က သဘောမတူကြောင်း၊  လာပြီးမှတော့ သက်တမ်းစေ့နေပြီးမှ ပြန်ခေါ်ရမှာ ဖြစ်ကြောင်း၊ ဒီလို ခုလွှတ် ခုပြန်ခေါ် လုပ်ချင်တိုင်းလုပ်ရအောင် မင်းတို့ကိုယ် မင်းတို့ ဘာထင်နေသလဲ လို့ ပြန်ပြောကြောင်း။ ဟိုက ဘူးခံနေတာနဲ့ ဆရာတော်လည်း တင်းပြီးတော့ ကြိမ်နဲ့ သမတယ်လို့ ဆိုပါတယ်။  သူ့ညီမ ကြိမ် သမခံနေရတာကို အစ်ကိုကတွေ့တော့ မခံမရပ်နိုင်ဖြစ်ပြီး အမအစား အစ်ကိုကြီးက ကြိမ်ဒဏ်ဝင်ခံရင်း ဆရာတော်နဲ့ စကားများကြတယ်လို့ ဆရာတော်က ပြန်ပြောပါတယ်။ 

          နောက်တော့ အစ်ကိုကြီးသော ဘာသော နားမလည်ဘူး သမ မယ်ဆိုပြီး ကြိမ်နဲ့ ထပ်ဆော်ပြန်ပါတယ်။  မမိုးမိုးက လူးလှမ့်နေတာပါဘဲ။  ကြိမ်လုံးရာတွေလည်း တစ်ကိုယ်လုံးမွနေတာပေါ့လေ။  နောက်ဆုံးတော့ လူကြီးသံ လိုမျိုး မမိုးမိုး ဆီက အသံထွက်လာပါတယ်။  ဆရာတော်ပြောတာကတော့ အဲ့ဒါဟာ သိုက် စောင့် ဘိုးဘိုးကြီးလို့ ဆိုပါတယ်။  နောက်တော့ ဆရာတော်နဲ့ သိုက်စောင့် ဘိုးဘိုးကြီးနဲ့ စကားတွေ အတင်အချ ပြောလိုက်တာ အတော်ကြာသွားပါသတဲ့။  နောက်ဆုံးတော့ ဘယ်လို ညှိလိုက်တယ်မသိပါဘူး ဆရာတော်က မင်းတို့လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေသလား။ ငါ သိုက်ကျောဖြတ်မယ်ဆိုပြီးတော့ ကြံခင်းကို မမိုးမိုးကို ခေါ်သွားဖို့ ပြင်ပါတယ်။
          ကြားထဲမှာ ရထားစီးတာ၊ ကားစီးတာတွေကို ချန်ခဲ့ရင်တော့ ကြီးဒေါ်ရယ်၊ မမိုးမိုးရယ်၊ ဆရာတော်ရယ် ကြံခင်းကို ရောက်ပါလေရောပေါ့လေ။  ဟိုရောက်တော့ မြစ်ကူးပြီး ဆရာတော်ကျောင်းကို သွားရမယ့် ခရီးပါ။  ဆရာတော်က သိုက်က အစ်ကိုကြီးရော၊ အစ်မ ၃ ယောက်ရောပါ ခေါ်လာပါသတဲ့။  မြစ်ကူးခါနီးကျတော့ လှေပေါ်ရောက်တော့ တစ်ယောက်ပြီး တစ်ယောက် တက်ခိုင်းပါသတဲ့။  အဲ့ဒီက အဒေါ်ကြီး ပြောပြတာကတော့ လှေက တစ်ယောက်တက်လိုက်တိုင်း တစ်ယောက်စား မြုတ်မြုတ်သွားတယ်ဆိုပဲ။  ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။  အဲ့ဒါနဲ့ နောက်ဆုံး အစ်ကို ကြီး အလှည့်ကျတော့ အစ်ကိုကြီး က ပေကပ်ပြီး လှေပေါ်မတက်ဘူး လုပ်နေပါသတဲ့။  အဲ့ဒါနဲ့ ဆရာတော်လည်း အတင်းကြိမ်းမောင်းပြီး တက်ခိုင်းတော့မှ လှေပေါ်ရောက်ပါသတဲ့။  လှေပေါ်ရောက်တော့ ဆရာတော်က အဲ့ဒီ မမိုးမိုးရဲ့ အဒေါ်ကို ဟဲ့ဒကမကြီး ဟိုဘက်တိုးလိုက် ဒီမှာ အစ်ကို အကြီးဆုံးက ထိုင်စရာနေရာ မရှိဘူးဖြစ်နေတယ်လို့ ဆိုလေတော့ အဒေါ်လည်း လန့်ဖျန့်ပြီး အမလေး အတူတူတော့ မထိုင်ပါရစေနဲ့ရှင် ဆိုပြီး နောက်တစ်တန်း ဆုတ်ထိုင်တယ်လို့ ဆိုပါတယ်။  လှေပေါ်ရောက်တော့ ဆရာတော်က “ကဲ ငါ့ကျောင်းအပိုင်ရောက်ပြီ၊ နင်တို့ မောင်နှစ်မတွေ အေးအေးဆေးဆေးလိုက်ခဲ့ လမ်းမှာ လှေကို မှောက်ပစ်မယ် မကျန်နဲ့ သိုက်ပြန်မရောက်ဘူး ဖြစ်သွားမယ်လို့ ကြိမ်းပါသတဲ့”။ 
          ဆရာတော်ကျောင်းဝင်ခါနီးတော့ လှေပေါ်က ပါလာတဲ့ မောတဲ့မောင်နှမ ၄ ယောက်ကို ဆရာတော်က မှာပါသတဲ့ “နင်တို့ ဟိုရောက်ရင် ငါ့ကျောင်းက ဟာတွေနဲ့ တည့်အောင်နေ ရန်မဖြစ်နဲ့တဲ့”။  ကြီးဒေါ် ပြန်ပြောတာကတော့ ဆရာတော့် ကျောင်းမှာလည်း ဥစ္စာစောင့်တွေရှိသတဲ့ဗျ။  နောက်ပြီး ဆရာ့တော့် ဗီဒိုထဲမှာလည်း အရုပ်တွေမှ အများကြီး ထူခြားတာက ကျွဲညီနောက်ရုပ်တဲ့ခင်ဗျ။  လပြည့်ညရောက်လို့ အဲဒီ ကျွဲညီနောင်ကိုမှ ဗီဒိုထဲက မထုတ်ဖူးဆိုရင် ကျောင်းတစ်ခုလုံး ဗြောင်းကို ဆန်တယ်လို့ ပြောပါတယ်။ ဟုတ်သည် မဟုတ်သည်ထား စိတ်တော့ ၀င်စားစရာပေါ့ဗျာ။
          အဲ့ဒီလိုနဲ့ ဆရာ့တော့်ကျောင်းမှာ မမိုးမိုးကို ထား၊  ပြီးတော့ ဥပုတ်စောင့်ခိုင်း၊ ၈ ပါးသီလယူ၊ ယောဂီဝတ်ပြီးတော့ သိုက်ကျော ဖြတ်တယ်လို့ဆိုပါတယ်။  မည်သို့ပင်ဆိုစေ၊ နောက်ပိုင်းမှာတော့ မမိုးမိုးတစ်ယောက် သတိလည်း မလစ်တော့သလို၊ အိပ်မက်လည်း မမက်တော့ပါဘူး။  ထူးဆန်းတာတစ်ခုက မမိုးမိုးဟာ မြန်မာစကား တစ်မျိုးသာ ပြောတတ်သူ (အင်္ဂလိပ်စကားကတော့ ကျောင်းမှာ သင်တယ်၊ ဒါကို ထားလိုက်ပါတော့) တစ်ယောက်ပါ။  ဒီလို အဖြစ်အပျက်တွေ ဖြစ်ပြီးတော့ ကရင်စကားရော၊  တစ်ခြားစကားကိုပါ ဒေသခံတစ်ယောက်လို မွှတ်နေအောင်ပြောပေမယ့်၊  အခုဆိုရင် သူဟာ အဲ့ဒီ ဘာသာစကားတွေကို လုံးဝ ပြန်မပြောနိုင်တာပါ။  အဲ့ဒီတော့ ယုံရ ခက်ခက်ကြီးရယ်။  လက်တွေ့ ကိုယ့်ရှေ့မှာ အဲ့ဒီလိုမျိုး ဖြစ်သွားတယ်ဆိုလေတော့ ဥစ္စာစောင့်ဆိုတာ တစ်ကယ်ရှိတယ်၊ မရှိဘူးဆိုတာ ပြောရမှာ မလွယ်လှဘူး ဖြစ်သွားပါတယ်။  ခုတော့ မမိုးမိုးတစ်ယောက်လည်း အိမ်ထောင်တွေဘာတွေကျပြီးတော့ ကလေးတွေတောင် ထွန်းကားနေပြီထင်ပါရဲ့။
ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။  ကျွန်တော် အဖေရဲ့ ဇာတိမြို့က ကန်ကြီးဒေါင့်မြို့ပါ။  ကန်ကြီးထောင့်မြို့ဆိုတာ ဘယ်ကနေ နာမည်တွင်လာလည်းမသိပေမယ့်၊  အဒေါ်ရဲ့ အိမ်နောက်ဖေးမှာတော့ ကန်ကြီး တစ်ကန်ရှိပါတယ်။  အခုတော့ အိမ်တိုင်းက ကျောပေးပြီး အိမ်သာလှည့်ဆောက်ထားလေရဲ့။  အဲ့ဒီမှာလည်း သိုက်ရှိတယ်ဆိုပါတယ်။  အဲ့ဒီသိုက်က နောက်ပိုင်း လူတွေ က အိမ်သာလှည့်ဆောက်ပါများလာလို့ ကန်ကြီးဒေါင့် ရွှေလိပ်ပြာ ဘုရားဘက်ကို သိုက်ပြောင်းတယ်ဆိုပါတယ်။  သိုက်ပြောင်းတဲ့နေ့ကတော့ ညနေ၀င်ရီတလျှောမှာ ရွှေလှေတွေ မိုးပေါ်ပျံပြီးတော့ ရွှေလိပ်ပါဘုရားဆီကို ဆည်းလည်းသံ တစ်ချွင်ချွင်နဲ့ ပြောင်းကြတယ်လို့ လူတွေဆိုကြပေမယ့် ကျွန်တော်ကတော့ မျက်မြင်ကိုယ်တွေ့မဟုတ်လို့ မယုံပါဘူး။  ဒါပေမယ့် ကန်ကြီးဒေါင့် ဆရာတော် ဘုရားကြီး တည်ထားခဲ့တဲ့ လေးမျက်နှာ စေတီတော်ရဲ့ မုဒ်ဦးတစ်ခုကတော့ အမည်မဖော်လိုတဲ့ ဥစ္စာစောင့်တစ်ယောက်က ဆရာတော်ကြီးထံ ရွှေတွေလာပေးပြီးတော့ ဘုရားတည်ဖို့ လှုဒါန်းသွားတယ်လို့ ဆိုပါတယ်။  ယခုအချိန်အထိ အဆိုပါမုဒ်ဦးမှာ ထိုကဗြည်းစာတမ်းကို ဖတ်နိုင်သေးကြောင်း ကန်ကြီးဒေါင့်မြို့ကို အလည်ရောက်ခဲ့တယ်ဆိုရင် သွားရောက်ကြည့်နိုင်ပါကြောင်း၊ ဥစ္စာစောင့် တစ်ကယ်ရှိသလားဆိုတဲ့ မေးခွန်းလေးကို စဉ်းစားဖို့ ပိုစ်တစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ် ခင်ဗျား။

ကျွန်တော်နှင့် ဥစ္စာစောင့် တစ်ကယ်ရှိတာလား


          ကျွန်တော့်ကို ဒီလိုလာမေးရင်တော့ ရှိတယ်ဆိုတာဖြစ်နိုင်တယ်။  ယုံလားဆိုတော့ ယုံတယ်လည်း မဟုတ်ဘူး၊ မယုံဘူးလည်းမဟုတ်ဘူး။  သူ့ဟာသူနေသူ နေကြတယ်။  ကိုယ်လည်း ကိုယ်ဟာကိုနေတယ်ပေါ့လေ။  ဥစ္စာစောင့်တွေကြောင့် စီးပွားတက်တာ ဟုတ်လားမေးရင်လည်း ဟုတ်ချင်လည်းဟုတ်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အလုပ်နဲ့ ရတဲ့ ငွေကိုပဲလိုချင်တယ်။  ဘယ် ပစ္စည်းမှ အလကားမရတာ၊ ဥစ္စစောင့်က စီးပွားတက်အောင်လုပ်ပေးတယ်ဆိုရင်လည်း သူတစ်ခုခုလိုချင်လို့ လုပ်ပေးတာဖြစ်မှာပေါ့။  အဲ့ဒီတော့ ကိုယ်က သူ့အတွက် အလုပ်အပိုတွေလုပ်ပေးရဦးမယ်။  အဲ့ဒီတော့ သူ့ဟာသူနေ ကိုယ်ဟာကိုယ်နေလို့ပဲ ကျွန်တော်က ခံယူတယ်။ 
          ဥစ္စာစောင့်တစ်ကယ်ရှိတာလား ဆိုတဲ့ မေးခွန်းလေးကို ကျွန်တော် ငယ်ငယ်လေးထဲက မယုံတာပါ။ ဗိုလ်တစ်ထောင်က မြနန်းနွယ်ဆိုတဲ့ ဥစ္စာစောင့် အကြောင်လည်း ကြားဖူးပါရဲ့။  ဒါပေမယ့် ကိုယ်တွေမဟုတ်လေတော့ ယုံရခက်ခက်ကြီးရယ်။  ဒါပေမယ့် ကျွန်တော်ထင်တယ် ကျွန်တော် ၇ တန်းလောက်မှာ ကိုယ်တွေ့အဖြစ်လေးတစ်ခု တွေ့ဖူးပါရဲ့။  ကိုယ်တွေ့ဆိုပေမယ့် အမေက ကျွန်တော်ငယ်သေးတာကို စိုးရိပ်ပြီး ခေါ်မသွားလို့ နောက်ပိုင်းမှာ အမေ့ဆီက ပြန်ကြားရတာတွေကိုပဲ နားထောင်ရတာပါ။  အဖြစ်ကဒီလို။

          ကျွန်တော် က ပုသိမ်ဇာတိ။  မူလတန်း၊ အလယ်တန်း၊ အထက်တန်း အားလုံး ပုသိမ်ကကျောင်းတွေမှာပဲ တက်ခဲ့တာ။  အမေကလည်း ပုသိမ်မှာပဲ ဆေးခန်းဖွင့်တယ်။  အမေဆေးခန်းဖွင့်တဲ့ အိမ်လေးက ကျွန်တော်တို့အိမ်နဲ့ အတော်လေးလှမ်းသဗျ။  တစ်ခါတစ်လေ တစ်ပတ်ကို ၁ ရက် ၂ ရက်လောက်တော့ အမေ့ဆေးခန်းကို လိုက်ပြီး ဆော့လေ့ရှိသဗျ။  ဆေးခန်းက ဆေးဘူးခွံကလေးတွေကို အိမ်ပြန်သယ်လာ၊  အဲ့ဒီဆေးဘူးခွံလေးတွေနဲ့ အိမ်ဆောက်တမ်းဆော့ အဲ့ဒီလိုပေါ့လေ။  အမေ့ဆေးခန်းဖွင့်တဲ့ အိမ်မှာက အပျိုကြီးတစ်ယောက်၊ အပျိုကြီးရဲ့အမေနဲ့ တူမနှစ်ယောက်ရှိသဗျ။  ဥစ္စာစောင့်အဖြစ်က အဲ့ဒီအိမ်မှာ ဖြစ်တာ။  ဖြစ်ပုံကတော့ ဆန်းသား။  အဲ့ဒီတူမနှစ်ယောက်မှာ အကြီးမက တစ်အိမ်လုံး ကျန်တဲ့လူတွေနဲ့ မတူဘူးခင်ဗျ။  အသားအရည်က ရွှေဝါရောင် ၀င်းဝင်း၊ မျက်နှာကလည်း ချောချောလေးနဲ့ တစ်မိပေါက် တစ်ယောက်ထွန်းဆိုသလို အတော်ချောသဗျ။  ထားပါတော့လေ မမိုးမိုးလို့ပဲ ခေါ်ကြပါစို့။ 
          အဲ့ဒီအချိန်တုန်းက မမိုးမိုးက အထက်တန်းတက်နေတုန်းနဲ့တူတယ်။  အမေကလည်းထုံးစံအတိုင်း ညနေဆိုရင် စက်ဘီးလေးစီးပြီးတော့ ဆေးခန်းသွား ညပိုင်းကျတော့ ပြန်လာပေါ့လေ။  ဒီလိုနဲ့ တစ်နေ့ကျတော့ ဆေးခန်းပိတ်ပြီး ပြန်မယ်လုပ်တော့ ဆေးခန်းရှေ့၊  အိမ်ရှေ့ပေါ့ဗျာ၊ အဲ့ဒီမှာ မြွေသူတောင် (စပါးအုံး အဖြူရောင် လိုမြွေမျိုး) က ကန့်လန့်ဖြတ်ပြီး ပိတ်နေပါတယ်။  အမေကလည်း ကြောက်တော့ ဆေးခန်းကလည်း မပြန်ရဲ၊ အဲ့ဒါနဲ့ ရွှေလက်စွပ်ကို ရေထဲစိမ် ရွှေရေငွေရေ ဖျန်းတယ်ဆိုပြီး မွေကြီးကို ခြောက်ထုတ်၊ မွေကြီး အိမ်ရှေ့က ထွက်သွားတော့မှပဲ အိမ်ပြန်ရဲတော့တယ်။  အဲ့ဒီလိုဖြစ်တာက ကြာသာပတေး နေ့တိုင်းခင်ဗျ။  ကြာသာပေးနေ့ ညရောက်ပြီဆိုရင် အဲ့ဒီမြွေကြီးက အချိန်မှန်ပဲ ဆေးခန်းရှေ့ ပိတ်ပိတ်ပြီးနေတာ။  ပိတ်တိုင်းလည်း ခြောက်လှန့်ထုတ်ရတာပေါ့ဗျာ။  အဲ့ဒီလိုနဲ့ တစ်လလောက်ကြာလာတော့ မမိုးမိုးက အမေ့ကိုလာပြောတယ်။  သူ တစ်ပတ်ကို တစ်ခါလောက် အိပ်မက် မက်တယ်တဲ့။  အိပ်မက်ထဲမှာ သူ့ဆံပင်တွေက အရှည်ကြီးပဲ၊ ရှည်တာမှ ခြေမျက်စိလောက်နားအထိရှည်ပြီးတော့ ဆံပင်အဖျားလေးတွေက အပေါ်ကို ပြန်ကော့တက်နေပါသတဲ့။  နောက်ပြီး သူ ရောက်သွားတဲ့ နေရာက တော်တော်ကို ခမ်းခမ်းနားနားနဲ့ တယ်… မဟာဆန်ဆိုပဲ။  ရွှေတိုင်လုံးကြီးတွေနဲ့၊  ရွှေတွေ ငွေတွေဆိုတာ ရွှေအိုးတွေနဲ့ ထည့်ထားတာ တစ်ခန်းလုံး အပြည့်ဆိုပဲ။  နောက်ပြီးတော့ အိပ်မက်ထဲမှာ သူ့ အကို အမတွေနဲ့ တွေ့တယ်ဆိုပဲ။  ဟိုမှာ သူတို့ ဒန်းစီးပြီးတော့ သီချင်းတွေ ဆိုကြတာ တယ်ပျော်ဖို့ကောင်းဆိုပဲ။
          အမေကလည်း အို ညည်းအေ…  အိပ်ရေးပျက်တာတို့၊  အားနည်းတာတို့ ဖြစ်ရင် ဒီလိုပဲ အိပ်မက် မက်တယ်ပါတယ်၊  အဟာရညီမျှတဲ့ အစားအစာ များများစားပေး၊  အားဆေးကတော့ လိုအပ်မှသောက်ဆိုပြီးတော့ အားဆေးပေးလိုက်ပါသတဲ့။  ဒါပေမယ့် မမိုးမိုးကတော့ သောကြာနေ့လောက်ဆိုရင် အမေ့ဆီလာပြီး သူ့အိမ်မက်ကို ပြောပြတတ်ပါတယ်။  အိမ်မက်ထဲမှာ သူ့အစ်ကို အမတွေက သူ့တို့နဲ့ လာနေမလားလို့ ခေါ်နေကြောင်း။  သူလည်း ဟိုမှာနေရတာ ပျော်ကြောင်း ပြောပါတယ်။  အမေက နင့်အိမ်မက်ထဲမှာနဲ့ အပြင်မှာ ဘယ်ဟာ ပိုပျော်လည်း မေးတော့ သူက ဟိုမှာနေရတာ ပိုပျော်တယ်လို့ ပြောပါတယ်။
          ဒီလိုနဲ့ တစ်လကျော်ကျော်လောက်ထင်တယ်  အဲ့ဒီလို အဖြစ်အပျက်တွေဖြစ်ပြီးနောက်မှာတော့ မမိုးမိုးတစ်ယောက် သတိလစ်သွားပါတော့တယ်။  အိမ်ကို ဖုန်းဆက်ပြီး လှမ်းခေါ်တော့ အမေကလည်း အဲ ဒီကောင်မလေး စိတ်ညစ်စရာတွေရှိလား၊ ရည်းစားသညာတွေ ရပြီးတော့များ တစ်ခုခုဖြစ်လေသလားဆိုပြီး နေ့ခင်းကြီး ဆေးခန်းကလေးကို သွားပါတယ်။  ဟိုရောက်တော့ သွေးပေါင်ချိန်ကြည့်၊ မျက်ခွံလှန်ကြည့်၊စသည်အားဖြင့် သူ စစ်ဆေးကြည့်ပါတယ်။  အားလုံးက ပုံမှန်၊  သို့ပေမယ့် သတိကတော့ လစ်နေတာပါပဲ။  အစက သတိလစ်ချင်ယောင်ဆောင်တယ်ထင်ပေမယ့် တစ်ကယ်သတိလစ်နေလေတော့ ဘာရယ်ကြောင့် သတိလစ်ရတယ်ဆိုတာကို သူလည်း ရေရေရာရာမသိပါဘူး။  ဒီလိုနဲ့ နောက်တစ်နေ့ရောက် မမိုးမိုးလည်း ပြန်သတိရလာတော့ ရှိုက်ကြီး တစ်ငင်ကို ငိုတော့တာပဲ။  သူ့ကို သူ့အစ်ကိုနဲ့ အမတွေက ဟိုမှာ အပြီးလိုက်နေဖို့ခေါ်ကြောင်း။  သူတို့မှာ စုစုပေါင်း ညီအစ်ကို မောင်နှစ်မ ငါးယောက်ရှိကြောင်း။  အစ်ကိုက တစ်ယောက်၊ အမက ၃ ယောက်ရှိပြီး သူက အငယ်ဆုံးဖြစ်ကြောင်း။  အငယ်ဆုံးဖြစ်သောကြောင့် သူ့ကို အားလုံးက ချစ်ကြကြောင်း။ ဒါပေမယ့် သူလည်း အိမ်ကလူကြီးတွေ စိတ်ပူမှာစိုးလို့ အိမ်ခဏ ပြန်ဦးမယ်ဆိုပြီးတော့ ပြန်လာတဲ့အခါမှာ ခုလို သတိရလာတာဖြစ်ကြောင်း တစ်ငိုငို တစ်ယိုယိုနဲ့ ပြောပါတယ်။ 
          ဘယ်သူက သူပြောတာ ယုံမှာတုန်း။  လျှောက်ပြောနေတယ်လို့ပဲ ထင်တာပါပဲ။  ဒီလိုနဲ့ မမိုးမိုးတစ်ယောက်ဟာ တစ်ခါတစ်လေ သုံး နာရီလောက် သတိလစ်သွားလိုက်၊ တစ်ခါတစ်လေ တစ်ရက်လောက် သတိလစ်သွားလိုက်၊ နိုးလာရင် တစ်မှိုင်မှိုင်း တစ်တွေတွေနဲ့ သူ ရွေးရခက်နေကြောင်း ဟိုမှာလည်း ပျော်ပေမယ့် ဒီမှာလည်း ပျော်ကြောင်း စတဲ့ တောင်တောင်အီအီတွေ လျှောက်ပြေနေပါတယ်။  အဲ့ဒီကစပြီး အမေက ကျွန်တော့်ကို ဆေးခန်းမခေါ်တော့တာနဲ့ပဲ အိမ်ကနေပြီး အမေပြန်လာတိုင်း ပြန်ပြောပြတဲ့ အဖြစ်အပျက်ကလေးတွေကိုပဲ စောင့်ပြီး နားထောင်ရတာပါပဲ။
          ဒီလိုနဲ့ တစ်နေ့တော့ ကရင်ကျောင်းဆရာမတစ်ယောက် အိမ်ကိုလာလည်ပါသတဲ့။  အဲ့ဒီဆရာမက သိုက်တို့ ဥစ္စာစောင့်တို့နဲ့ဆိုရင် စကားတွေဘာတွေ ပြောဆိုပဲ။  ပြောတယ်ဆိုတာက သူကလည်း အဆက်ပါဆိုပဲ။  အဆက်ဆိုတာက သိုက်နဲ့ အဆက်ရှိတယ်လို့ ဆိုပါတယ်။  ဟုတ်မှဟုတ်ရဲ့လားလို့ ကျွန်တော်သံသယဖြစ်ပေမယ့် အဲ့ဒီဆရာမနဲ့တွေ့တော့ တစ်သက်လုံး ဗမာစကားပြောနေတဲ့ မမိုးမိုးဟာ ကရင်လို ထပြီးရောတော့တာပါဘဲ။  အမေတို့လည်း မျက်လုံး အကြောင်သားနဲ့ ထိုင်ကြည့်နေရတယ်လို့ ဆိုပါတယ်။  နောက်တစ်ခုက အသံနေ အသံထားနဲ့ စကားပြောပုံက ခဏနေ တစ်ယောက်၊ ခဏနေ တစ်ယောက်က ပြောနေသလို မမိုးမိုးရဲ့ အသံတွေက ပြောင်းနေပါတယ်တဲ့။  သူတို့ဟာ သူတို့ ပတွတ် ပတွတ်နဲ့ ပြောလို့လဲဝရော မမိုးမိုးလည်း သတိပြန်လစ်သွားရောတဲ့။  ကရင်ဆရာမက သူဟာ မမိုးမိုးရဲ့ အမသုံးယောက်နဲ့ စကားပြောဖြစ်ကြောင်း ပြန်ပြောပြပါတယ်။
          အဲ့ဒီကျောင်းဆရာမ ပြန်ပြောပြတာကတော့ မမိုးမိုးဟာ ခုချိန်အထိ သိုက်ထဲမှာပဲရှိနေကြောင်း၊ စောစောက သူပြောသွားတာတွေဟာ သူ့အစ်မ သုံးယောက်က သူ့ကိုယ်ထဲ ၀င်ပြီး ပူပြောတာဖြစ်ကြောင်း။  သူတို့ ညီမလေးကို အပြီးခေါ်ထားချင်ကြောင်း။  သိုက်စောင့် ဘိုးဘိုးကြီးနဲ့ ဆွေးနွေးဦးမှာဖြစ်ကြောင်း ပြောပါတယ်။  နောက်ပြီး သူတို့ သိုက်က ပုသိမ် ရွှေမုဋ္ဌော ဘုရားအောက်မှာ ရှိကြောင်းလည်း ပါပါတယ်။  ဒီလိုနဲ့ အဲ့ဒါ ပြီးကထဲက မမိုးမိုးလည်း သတိလစ်သွားတာ သတိကို ပြန်လည်မလာတော့ပါဘူး။  ကြံရာမရတဲ့ အဆုံး ကြံခင်း က သိုက်နိုင်တယ်ဆိုတဲ့ ဆရာတော်ကို အိမ်သားတွေ သွားပင့်ကြပါတယ်။ 

Sunday, February 7, 2016

ဓမ္မ မိတ်ဆွေ တစ်ဦး မေးလာသည့် မေးခွန်း တစ်ခုမှာ အချို့သောသူသည် သိုက်ဆက် နီးလွန်းအားကြီး သဖြင့် အိမ်ထောင်ပြု၍ မရသော အဖြစ်များ ကြုံဖူး ကြားဖူးသည်ဟု ဆိုသည်။ မှန်မမှန်နှင့် ဘုရားဟော မည်သို့ ရှိသည်နှင့် ဖြေရှင်းပေးရမည့် မေးခွန်း ဖြစ်ချေသည်။

သိုက် ဟူသည် အဖိုးတန် ပစ္စည်းများ ထာပနာ သိမ်းဆည်းများ ထားသိုရာ နေရာ တစ်ခုဟု စာရေးသူ သိထားပါသည်။ သို့သော် သိုက်ဟု ဆိုလိုက်လျှင် အဖိုးတန် ပစ္စည်းများသာမက လျှို့ဝှက် ဆန်းကျယ်သော မှော်ဆန်ဆန် ဒြပ်ဝတ္ထုနှင့် သတ္တဝါများ စုဖွဲ့ တည်ရှိရာ ဟုလည်း အများအသိဖြင့် သိရှိထားပါသေးသည်။ သိုက်စောင့်သော နတ်၊ သိုက်စောင့်သော မြွေ၊ နဂါး၊ ခြင်္သေ၊ ကျား၊ ဘီလူး၊ စသည်ဖြင့် အမျိုးမျိုး အထွေထွေ ရှိကုန်သည်။ မည်ကဲ့သို့ပင် ထူးထွေများပြားစေကာမှု အားလုံးမှာ ၃၁ ဘုံသားချည်း ဖြစ်ချေသည်။

အချို့က သိုက်ဖွားဟု ဆိုပြီး လျှို့ဝှက် ဆန်းကျယ်မှုနှင့် ကြုံသည်။ ကူညီ စောင့်ရှောက်သူများ နှင့် ကြုံသည်ဟု ဆိုသည်။ ယင်းတွင် မည်သူက ကူညီ စောင့်ရှောက်သနည်း။ ကြားဖူးသည့် ဖြစ်ရပ် တစ်ခုအရ သိုက် အတူတူ စောင့်ခဲ့သူ တစ်ဦး သေပြီး လူဖြစ်သော် ထိုဘဝထိ လိုက်လံ စောင့်ရှောက်သည်ဟု ဆိုသည်။ ဖြစ်နိုင်ပါသည်။

ဤတွင် ၃၁ ဘုံကို အကျဉ်း ရှင်းပြန်ရန် လိုအပ်ပေသည်။ ငရဲကြီး ၈ ထပ်၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကယ်ဘုံ၊ လူ့ပြည် ၁ထပ်၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာ အထပ် ၂၀ စုစုပေါင်း ၃၁ ဘုံရှိသည်။ သိုက်၊ နန်းဟူသည် ဗြဟ္မာတို့နှင့် ဆက်စပ်မှု မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဗြဟ္မာတို့က ရုပ်သာရှိ (သို့) နာမ်သာရှိ (သို့) ရုပ်နှင့် နာမ် ရှိကြကုန်သောကြောင့် ဖြစ်ပြီး သူ့ဘုံတွင် အမြဲ တည်ရှိသည်။

သို့သော် နတ်ပြည် ခြောက်ထပ်ဖြစ်သည့် စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသ ဝတ္တိ ဟူ၍ အောက်မှ အထပ်အထိ ရှိသည်။ စတုမဟာရာဇ် နတ်ဘုံသည် နတ်များတွင် အနိမ့်ဆုံးဘုံဖြစ်ပြီး နတ်သေးနတ်မွားများ ကျရောက်သောဘုံ ဖြစ်သည်။ လူ့ဘုံတွင် ရှိသော ရုပ်က္ခဆိုးနတ်၊ အိမ်စောင့်နတ်၊ ရွာစောင့်နတ်၊ ညောင်ပင်စောင့်နတ်၊ တောစောင့်နတ် စသည်များမှာ စတုမဟာရာဇ် ဘုံသားများ ဖြစ်ကြချေသည်။ သူတို့သည် တာဝတိံသာ နတ်ပြည်မှ နတ်သားများကဲ့သို့ အရောင်အသွေး မစုံ၊ ဘုန်းကံ မမြင့်ချေ။

ထိုနည်းတူစွာ ငရဲကြီး ရှစ်ထပ်၌ ငရဲသားများ အဖြစ်နေကာ ငရဲဘုံကျသူများကို နှိပ်စက်ရာတွင်လည်း ထို စတုမဟာရာဇ်နတ်ဘုံမှ အာလာဝက နတ်ဘီလူးများက အလည့်ကျ သွားရောက်ခြင်း ဖြစ်သည်ဟု ဘုရားဟော အဘိဓမ္မာတွင် ဖွင့်ဆို ရှင်းလင်းထားသည်။ နတ်မင်းကြီး လေးပါးတို့ကို ဆည်းကပ် ခစားရသော လက်အောက်ခံ နတ်တို့၏ နေရာ ဘုံဌာန ဖြစ်သဖြင့် စတုမဟာရာဇ်နတ်ဘုံဟု ခေါ်ပြီး နတ်နှစ် ၅၀၀ ဖြစ်ချေသည်။

(ဤတွင် စာဖတ်သူတို့၏ အတွင်းစိတ်၌ “ဟာကွာ များလိုက်တဲ့ ဘုံနဲ့နတ်တွေ” ဟု တစ်လွဲ ထင်နေကောင်း ထင်တတ် ပါသည်။ စာရေးသူ တင်ပြသော ၃၁ ဘုံမှာ အမှန်တကယ် တည်ရှိသော ဌာနများ ဖြစ်သည်ဟု မြတ်စွာဘုရားမှ ဟောကြားခဲ့ချေသည်။ ထို ဘုံအလိုက်အထိုက်တွင်လည်း ပွင့်ဖူးခဲ့သော ဘုရား အဆူဆူတို့မှ ကျင်လည်ကာ တရားများ ဟောပြ ဆုံးမခဲ့သည်ဟုလည်း သိရသည်။ အနီးစပ်ဆုံ သာဓက အဖြစ် ဂေါတမ မြတ်စွာဘုရားသည် မယ်တော် အဖြစ် တော်စပ်ခဲ့သူ သန္တုဿီတနတ်သားကို အမှူးပြုကာ တာဝတိံတာ နတ်ပြည် တွင် ကျေးဇူးဆပ်ခဲ့သည်။

ကျေးဇူးဆပ်ပုံမှာ အဘိဓမ္မာ တရား အကျယ် ဟောကြားခဲ့ခြင်း ဖြစ်သည်။ ယင်း အဘိဓမ္မာ တရားကို အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောပြောတော်မူခဲ့သည်။ ထိုမှတစ်ဆင့် တပည့်ရဟန်း ငါးရာတို့အား နေ့ချင်းပင် မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မှုခဲ့ရာ ယနေ့တိုင် တည်ရှိရာ အခြေပြုလာခဲ့ခြင်း ဖြစ်ချေသည်။ ထိုအချက်ဖြင့် ၃၁ ဘုံ အမှန်တကယ် ရှိသည်ဟုလည်း ထောက်ပြနိုင်သည်။)

သိုက် အကြောင်း ကိစ္စ ပြန်ဆက်မည်။ စာဖတ်သူတို့ စတုမဟာရာဇ်ဘုံ သဘောကို သိရှိပြီဆိုလျှင် သိုက်တွင် စောင့်ကြပ်သော နတ်များကို သိရှိပြီဟု စာရေးသူ ယုံကြည်သည်။ သိုက်စောင့်နတ် အမျိုးမျိုး အထွေထွေ အားလုံးသည် ဘုရား ထာပနာ ဖြစ်ပါကလည်း တာဝန်ရှိသဖြင့် လာရောက် စောင့်ကြပ်ပေးရခြင်း ရှိ၏။ နတ်တို့နှင့် မပြီးသေးချေ။ ဘုရား ထာပနာ စောင့်ကြပ်ရသော မြွေ၊ နဂါး စသည်ဖြင့် အမျိုးမျိုး ရှိချေသေးသည်။

တိရစ္ဆာန်၊ ဗြိတ္တာ နှင့် အသူရကာယ်တို့လည်း ပါဝင်ချေသေးသည်။ ထို ဘုံသားတို့သည် လူဖြစ်စဉ်က (သေခါနီး အချိန်) လောဘဇော တက်ကာ ပိုင်ဆိုင်သော (ဝါ) ပိုင်ဆိုင်လိုသော ပစ္စည်း ဥစ္စာကို အစွဲပြုပြီး သေမည်ဆိုလျှင် ထိုပစ္စည်း ဥစ္စာ တည်နေရာ နှင့် ဒြပ်ဝတ္ထုတို့တွင် မကြွတ် မလွတ်နိုင်ပဲ တိရစ္ဆာန်သော် လည်းကောင်း၊ ဗြိတ္တာသော် လည်းကောင်း၊ အသူရကာယ် သော်လည်းကောင်း ဖြစ်ကြရသည်။ ဥစ္စာတို့ကို စောင့်ကြပ်ရသည်။

လှပသော မိန်းကလေးတို့ကို တောထဲတွင် တွေ့လျှင် ဥစ္စာစောင့်ဟု ဆိုကြသည်။ အမှန်စင်စစ် သူတို့သည် ထို ပစ္စည်း ဥစ္စာကို အစွဲပြုပြီး သေလွန်ကြသဖြင့် မကျွတ် မလွတ်နိုင်သော ဗြိတ္တာနှင့် အသူရကယ် (သို့) စတုမဟာရာဇ် ဘုံသားများ ဖြစ်ရချေသည်။ သူတို့ စောင့်ကြပ်သော ပစ္စည်း ဥစ္စာအပေါ် နှောက်ယှက်လိုသူတို့နှင့် ကြုံတွေ့ရသော် နည်းလမ်း အမျိုးမျိုးဖြင့် ခြောက်လှန့် မောင်းထုတ်ရချေသည်။

အထက်ပါ ရှင်းလင်းချက်သည် ဒြပ်ဝတ္ထုသာ ရှိသေးသည်။ သက်ရှိ သတ္တဝါတို့အား စွဲလမ်းမှု၊ စောင့်ကြပ်မှု ရှိသေးချေသည်။ သာဓက တစ်ခု အရ အမျိုးသား တစ်ဦးသည် သူချစ်သော အမျိုးသမီးကို စွဲလမ်းစိတ်ဖြင့် သေလွန်သည်ရှိသော် ကောင်းရာ ဘုံဘဝသို့ မရောက်နိုင်ပဲ လောဘစိတ် အခြေခံ ပဋိသန္ဓေကြောင့် အသူရကာယ်၊ ဗြိတ္တာကဲ့သို့သော ဘုံဘဝသို့ ရောက်ရသည်။ ထိုကဲ့သို့သော အခြေအနေတွင် သူချစ်ရသော မိန်းကလေးကို အများသူကာ အန္တာရယ်မှ လွတ်ကင်းအောင် ကူညီခြင်း၊ သို့တည်းမဟုတ် အခြားသူ တစ်ဦးနှင့် ချစ်ကြိုက်သွားမည်ကို စိုးရိမ်သဖြင့် လိုက်လံ နှောင့်ယှက်ခြင်းများ ပြုတတ်ချေသည်။

ဤတွင် အကြောင်းမဲ့ ခံရသည် မဆိုလို။ ထိုကဲ့သို့ နှောက်ယှက်မှုကို ခံရရန် ကံပါမှလည်း လိုက်လိုက် နှောင့်ယှက် (သို့မဟုတ်) ကူညီ ဖေးမမှုကို ခံရသည်။ (ဥပမာ နောက်တစ်ခု အရ။ ။ သေသောကလေး (ကလေးခြောက်) က ဘုံဘဝ စွဲလမ်းသဖြင့် အမေ့ကို အိပ်မက်ပေးခြင်း၊ အတိတ်စိမ်း ပေးပြီး ကူညီခြင်းမျိုး)

ထိုအချက်နှင့်လည်း မလုံလောက်သေးချေ။ တစ်ခါတစ်ရံ ဝဋ်ကြွေးကြောင့် လည်း မိမိ လုပ်ဆောင်ချက်များကို တားဆီး ပိတ်ပင်မှု ခံရသည်။ ဥပမာ တစ်ခု အရ ဘုရားဟော ဇာတ်တော် တစ်ခုတွင် အမျိုးသမီး တစ်ဦးသည် အရိယာ တစ်ဦးကို နှုတ်ရေးဖြင့် ဆဲရေး တိုင်းထွာ ပြုမိသောကြောင့် သူ ဆဲခဲ့ဖူးသည် ပြည့်တန်ဆာမ ဟူသော စကားလုံး အတိုင်း ဘဝပေါင်းများစွာ ပြည့်တန်ဆာ အမျိုးသမီး၊ ယုတ်ညံ့သော တိရစ္ဆာန် ဖြစ်ရသည်။

ဘုရင် သမီးတော် ဖြစ်သည့် ဘဝတွင်ပင် ရုပ်ရည် ချောမောသဖြင့် နိုင်ငံပေါင်း များစွာက လိုလားကာ စစ်မက် ဖြစ်မည်ကို ဘုရင်က ကြောက်လှန့်သဖြင့် မည်သူကိုမှ မပေးစားနိုင်ပဲ ထိုနိုင်ငံ ဘုရင်၊ အိမ်ရှေ့မင်းသားများ အတွက် ပြည့်တန်ဆာ သဘောမျိုးသာ ပျော်တော်ဆက် ဖြစ်စေခဲ့သည်။ (နောက်ဆုံး ဘဝ တစ်ခုတွင် ထို အမျိုးသမီးလည်း မဂ်ဖိုလ် နိဗ္ဗာန် ရောက်ရချေသည်။) (ဘုရားဟော ဇာတ်တော်ဖြစ် သည်။ အတိအကျ သိလိုသော် မေးနိုင်ပါသည်။)

ဆိုလိုသည်မှာ ဘဝ တစ်ခုတွင် ပြုခဲ့မိသော အကုသိုလ်ထူး တစ်ခုကြောင့် ဘဝဆက်တိုင်းတွင် မပြတ်နိုင်ပဲ တူညီစွာပင် ဝဋ်ကြွေး ဆပ်ရခြင်းမျိုး ဖြစ်သည်။ ကုသိုလ်ထူးကြောင့်လည်း ဘဝ ဆက်တိုင်း အကျိုး ပေးကောင်းရခြင်း မျိုးလည်းရှိသည်။ အိမ်ထောင်ရေး အမြဲ အဆင်မပြေ ဖျက်လိုဖျက်ဆီး ခံရသည်ဆိုခြင်းမှာ သိုက်စောင့်ကြောင့် သော်လည်းကောင်း၊ မိမိ ရှေးဘဝက ကြီးမားသော အိမ်ထောင်ရေးရာ နှောင့်ယှက် ကျူးလွန် သည့် အကုသိုလ်ကံ တစ်ခုခုကြောင့် ဖြစ်ကြောင်း သိနိုင်သည်။ (ဥပမာ- သူတော်ကောင်းတို့ မဂ်လာ ကိစ္စ ခမ်းနားကို ဖျက်လိုဖျက်ဆီး ပြုလုပ်ခြင်းမျိုး)

အိမ်ထောင်ရေး တစ်ခုတွင် သာမဟုတ် သက်ဆိုင်ရာ သက်ဆိုင်ရာ အကြောင်းအရာ ကိစ္စရပ်တိုင်းတွင် ရှေးဘဝ အကြောင်းကိစ္စ (ကံ) ကြောင့် ဝဋ်တစ်ခု သဖွယ် ဆက်တိုက် ခံရခြင်းဖြစ်သည်။ ဥပမာ- ချမ်းသာရန် အခွင့် အမြဲ ကြုံသော်လည်း အမြဲလိုလို ဆင်းရဲရခြင်း၊ ဆင်းရဲရန် အကြောင်း အမြဲကြုံသော်လည်း ကူညီဖေးမမှု (ဝါ) ကံထောက်ပံ့မှုကြောင့် အမြဲ ချမ်းသာရခြင်း စသည်ခြင်းမျိုး ဖြစ်သည်။

အနှစ်ချုပ်ဆိုရသော် မည်ကဲ့သို့သော် ပုဂ္ဂိုလ် သိုက်စောင့်စောင့်၊ ကံဝဋ်ကြွေး မည်မျှပင် ကျန်ကျန် မိမိ လုပ်ဆောင်ရမည် ဖြစ်သော ကုသိုလ်ကောင်းမှုနှင့် ကျင့်ကြံ အားထုတ်ရမည် ဖြစ်သော မဂ်ဖိုလ် တရားများကို အစဉ်တစ်ဆိုက် ပွားများ ကျင့်ကြံ အားထုတ်ရချေမည်။

ဘဝများ ရှည်လျားလှသည်။ ဝဋ်ကြွေးများ ပေါလှချေသည်။ ကောင်းမှု ရှိသလို၊ မကောင်းမှု ရှိသဖြင့် ဘုံအထွေထွေတွင် ကြင်လည်ပြီး ဝဋ်ခံကြရသည်။ ထို ဘုံ၊ ဝဋ် များမှ ကြွတ်လွတ်အောင်၊ အကုသိုလ်ကံ အကျိုးများ အဟောသိကံဖြစ်အောင် နိဗ္ဗာန် ဝင်နိုင်ရန် ပွားများ ကြင့်ကြံရချေမည် ဖြစ်သည်။ ဝဋ်ကြွေးသည် နိဗ္ဗာန် ဝင်ခါနီး အထိတွင်ပင် ဆပ်ရမည် ဖြစ်ကြောင်းကို ဂေါတမ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင် သာဓကအဖြစ် ပရိနိဗ္ဗာန်စံသဖြင့် သိမြင်ရသည်။

သို့သော် နိဗ္ဗာန်သို့ ရောက်လျှင် ထိုကြောင်းကျိုးများ လွတ်ကင်းရချေသည်။ သင်ကြား လေ့လာခဲ့သော အဘိဓမ္မာကျမ်းမှ ကိုးကား၍ ကုသိုလ်ဖြစ် ဆောင်းပါးရေးသား ကုသိုလ်ပြုအပ်ပါသည်။
စာဖတ်သူ ဓမ္မမိတ်ဆွေတို့ ကြောင်းကျိုး လွတ်ကင်း၊ ဆင်းရဲဝဋ် ကင်းမဲ့သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။http://satekuupuyar.blogspot.com/2015/11/blog-post_34.html မှကူးယူပါသည်။

Friday, February 5, 2016

အမတော်မြနန်းနွယ် အကြောင်း

ဗိုလ်တထောင် ဘုရားအကြောင်းရေးမည် ဟုဆိုလျှင် မပါမဖြစ်သည်က မြနန်းနွယ်ဘုရားကျောင်းတော် ကြီးဖြစ်ပါသည်။ အစ်မတော် မြနန်းနွယ်က ဘုရားအလှူဒါယိကာမ ကြီးတစ်ဦးဖြစ်ပြီး စေတနာ ဂရုဏာ တို့နှင့်ပြည့်စုံသော ပါရမီရှင် မယ်တော်ကြီးတစ်ပါး ဖြစ်ပါသည်။
သူမ၏ဆွေမျိုးများသည် မိုးကုတ်တွင် ရှိ၏။ မြနန်းနွယ်သည် အိမ်ထောင်မပြုသောကြောင့် သားသမီး အဆက်အနွယ် ပြတ်သွား သော်လည်း သူမ၏ဆွေမျိုးများ ရှိကြ၏။ မြနန်းနွယ်သည် အမှန်တကယ် ရှိခဲ့ သော ပါရမီရှင်ဖြစ်ပါသည်။
မနန်းခမ်းနှင့်မောင်ချမ်းသာတို့သည် မိုးကုတ်တွင် အိမ်ထောင်ကျပြီး (၉)နှစ် အကြာ ၁၉၀၆ခုနှစ် ဒီဇင်ဘာလ (၂၂)ရက် နေ့ ၁၂၆၈ ပြာသိုလဆန်း(၉)ရက် စနေနေ့ နံနက် (၅)နာရီ နေတက် ရေတက် အချိန်တွင် သမီးဦး ရတနာ မွေးခဲ့ရာမနန်းဟု ငယ်နာမည် ပေးခဲ့ပါသည်။
မနန်းကိုယ်ဝန် ရှိစဉ် ကတည်းက မိခင်ဖြစ်သူ မနန်းခမ်းသည် ခြေလေးချောင်း စားချင်စိတ် မရှိဘဲ ဟင်း သီးဟင်ရွက် သစ်သီးဝလံ များကိုသာ စားသုံးလေ့ရှိသည်။သမီးဦး မွေးဖွားသည့် အချိန်မှ စပြီး ကျောက် ကောင်း များထွက်ကာ စီးပွားတက်လာပါသည်။
အိမ်မက်ထဲတွင် သူတော်စင်ကြီး တစ်ပါးက သမီးဦး မွေဖွား သည့်အခါ မြနန်းနွယ် လို့ အ မည်ပေး ပါ။ နောင်တစ်ချိန်တွင် သာသနာ ပြုမည့် သမီးကောင်းဖြစ်လို့ကောင်းစွာ ဂရုစိုက်ပါ လို့ပြော ပါတယ်။
မြနန်းနွယ် (၂)နှစ်သမီးအရွယ် တွင် အခြားကလေးများနှင့် အရောဝင်ကစားလေ့မရှိ။တစ်ဦး တည်းသာ တည်ငြိမ်စွာ နေလေ့ရှိသည်။ခြေလေးချောင်းသားများစားလေ့မရှိပါ။နွားနို့ကိုသာ နှစ်သက်စွာ သောက် လေ့ ရှိသည်။ငါးနှစ်သမီး အရွယ်တွင် ပုတီးစိတ် လေ့ရှိသည်။
မိုးကုတ် မြို့တွင် မြနန်းနွယ်အား ကျောင်းအပ်နှံပြီး မူလတန်းစတင်သင်ကြားခဲ့သည်။ညဏ်ကောင်း သဖြင့် တစ်ခေါက်ဖတ်ရုံဖြင့် အလွတ်ရမှတ်မိသည်။ မြနန်းနွယ်၏ အသံလေးသည် ကြည်လင် သာယာ ပြီး ဂရုဏာ သံ ပါသည်ဟု အများကသတ်မှတ်သည်။မိုးကုတ်မြို့တွင် အထက်တန်း ပညာ ကိုအောင် မြင်ခဲ့သည်။
အသက် (၁၅) နှစ် အရွယ်တွင်တက္ကသိုလ် ပညာဆည်းပူးရန် India သို့သွားခဲ့ပါသည်။ အထိန်းတော်ကြီး နန်းစောလည်း လိုက်ပါသွားသည်။ ၁၉၂၆ ခုနှစ်တွင် မြနန်းနွယ်သည် India မှဝိဇ္ဇာ ဘွဲ့ကို ရခဲ့ပါသည်။အသက်(၂၀) တွင် မိုးကုတ်ကိုပြန်လည် ရောက်ရှိခဲ့ပါသည်။မိုးကုတ် မြို့ ရှိ သူဌေး၊သူကြွယ် ၀န်ထောက်စသော လူကုန်တန် အသိုင်းအ၀န်း တွင် ရေပန်း အစားဆုံး ဖြစ်ပါ သည်။ သို့ရာတွင် မြနန်းနွယ် က အိမ်ထောင်ရေး စိတ်မ၀င်စားခဲ့ပါ။မျက်လုံး လက်လက် ၊မျက်ခုံး နက်နက် ရွှေဝါရောင် အသားအရည် မှာ သန့်စင်ကြည်လင်နေပါသည်။အရပ် ငါးပေ သုံးလက်မ ခန့်ရှိပြီး မဟာဆန်ဆန် လှပသူတစ်ဦးဖြစ်ပါသည်။အထူးသဖြင့် မြနန်းနွယ်သည် မြစိမ်းရောင် အထက်အောက် ဆင်တူ ၀တ်စား ဆင်ယင်လေ့ရှိသည်။
၁၉၄၁ ခုနှစ်တွင် မြနန်းနွယ်အသက် (၃၅)နှစ်ပြည့် ခဲ့ပါသည်။သို့ရာတွင် အသက်(၂၅)နှစ် ထက် မပို ဟု ထင်ရသည်။ မြနန်းနွယ်အိမ်မက်ထဲတွင်အဖိုးအိုက  သမီးလေး သာသနာပြုဖို့ အချိန်တန်ပြီ၊ ကြီးကြီးကျယ်ကျယ် လှူဒါန်းနိုင်ဖို့အတွက် ရန်ကုန်ကို အပြီးပြောင်းရွှေ့ပါလို့ ပြောလာပါတယ်။
မြနန်းနွယ်သည် မိဘနှစ်ပါးဖြစ်ကြသော ဦးချမ်းသာ ဒေါ်နန်းခမ်း အထိန်းတော် နန်းစော၊ ဦးလေးဦးကံသာ တို့နှင့်အတူ ရန်ကုန်သို့ပြောင်းလာပါသည်။ဗိုလ်တထောင်ဘုရားလမ်း ရှိစာတိုက်နှစ်ကပ်လျက်ရှိသော အိမ်တအိမ်ကို ၀ယ်ယူလိုက်ပါသည်။
ဦးလေးဖြစ်သူ ဦးကံသာ သည် မြနန်းနွယ်အား တရုပ်ရှေးဟောင်းရိုးရာ ဖြစ်သော လက်ဆစ်ချိုးပညာ၊ စိတ်ဝိညာဉ်လွင့်သောပညာ တို့ကို သင်ပေးခဲ့ပါသည်။ မြနန်းနွယ်သည် ညနေလေးနာရီတိုင်း ဗိုလ်တထောင် စေတီမြတ် သို့ ကိုယ်ပိုင် ရထားလုံးကြီးစီးပြီး နေ့စဉ်အချိန်မှန်သွားပါသည်။ မြနန်းနွယ် သည် မြန်မာပြည် တ၀ှမ်းရှိ ဘုရားပုထိုး စေတီတော်များကိုပြုပြင်ခဲ့ပါသည်။
အထူးသဖြင့် မြနန်းနွယ်ဟူသော အမည်ရင်းထက် မြစိမ်းရောင်မင်းသမီး ဟု အသိအမှတ်ပြုကြ ပါသည်။ မြနန်းနွယ်သည် ဗိုလ်တထောင် စေတီတော်မြတ်ကြီး တွင် မြနန်းနွယ်အမည် ဖြင့်အမြဲမပြတ် သာသနာပြု လှူဒါန်းပူဇော် ရာတွင် ဘ၀အဆက်ဆက်က တော်စပ်ခဲ့ကြသော ဆွေတော်မျိုးတော် တို့နှင့်အတူ ပျော်ရွင် ချမ်းမြေ့ သာယာစွာဆောင်ရွက်နိုင်ပါလို၏ လို့ အဓိဌာန်ပြုခဲ့သည်။
(၁၉၅၅) ခုနှစ် ဇန်န၀ါရီလ (၈) ရက် (၁၃၁၆) ခုနှစ် ပြာသိုလပြည့် (စနေနေ့) ၊အချိန် နံနက် ၄ နာရီ တွင် မြနန်းနွယ်သည် မိမိပိုင်ဆိုင်သော ကျောက်မျက်ရတနာမျိုးစုံကို ငွေဖလားဖြင့်ထည့် ပြီး ရတနာ စီ ချယ်ထားသော ရုပ်ပွားတော်နှင့်အတူ ဗိုလ်တထောင်စေတီတော်မြတ် ကြီးဘက်စုံမွမ်းမံဖို့ လှူဒါန်းပါ သည်။ မြနန်းနွယ်သည် ဦးလေး ဦးကံသာ သင်ကြားပေးထားသဖြင့် တတ်မြောက် ထားသော တရုပ် လောကီ ပညာ ရှင် ကျန်းမိန်၏ အတတ်ပညာ များထဲမှ အသက် ပိုင်းဆိုင်ရာ နည်းလမ်းတခု ကို တွေးမိသည်။ မြနန်းနွယ်ကိုယ်တိုင်ပင် လွန်ခဲ့သော သုံးရက် ကသူမကိုယ်တိုင် တွက်ချက်ထား ပြီး ဖြစ်ပါသည်။ထို့ကြောင့် သာသနိက အဆောက်အအုံများ အတွက် တည်ဆောက်ရာတွင် အသုံးပြုရန် သာသနာ့ ဒါယိကာမ တစ်ယောက်အဖြစ် ထူခြားရက်ရောစွာ လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။
မြနန်းနွယ်သည် ဘီစကစ်နှင့် လက်ဖက်ရည်ကို မြိန်ယှက်စွာ စားသောက်လိုက်ပါသည်။သူမသည် အစား အစာကို အစာအိမ်ထဲ ပြည့်သွားသည်အထိ စားသောက်လေ့မရှိပါ။ အာသာပြေရန်သုံးဆောင် လေ့ရှိသည်။
ဦးကံသာလည်းတွက် ချက်ပြီးသူဖြစ်နေရာ ဆို့နှစ်ကြေကွဲစွာဖြင့် အသက် (၅၁)နှစ်ဆိုတော့ သမီးမှာ အချိန်သိပ်မကျန်တော့ဘူးလို့ပြောလိုက်ပါသည်။နောင်ဘ၀ ဆက်တိုင်းသမီး အရာရာ တောင့် တ တိုင်း  ပြည်စုံနိုင်ပါစေကွယ်လို့ပြောပါတယ်။
မြနန်းနွယ်ဒေါသဖြစ်ခြင်း လောဘကြီးခြင်းကို ဦးကံသာမမြင်ဘူးပါ။ မြနန်းနွယ်က သမီးရဲ့ နောက် ဆုံး လိုအင်ဖြစ်သောဗုဒ္ဓဂယာသို့ (၂ရ) ရက်ခရီးသွားခဲ့ပါတယ်။
အိမ်သို့ပြန်ရောက်လာကတည်း က အဆက်မပြတ် ချောင်းဆိုးခဲ့ပါသည်။ချောင်းဆိုးလွန်းသောကြောင့် အအိပ်ပျက်လာပါသည်။စားသမျှလည်း ခံတွင်း မတွေ့အဟာရ မဖြစ်ခဲ့ပါ။ပန်းနာ ဝေဒနာ ဖိစီးလာပါသည်။
မြနန်းနွယ်သည် (၁၉၅၆) ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ် တွင်သမီး မိုးကုတ် ပြန်ချင်ပြီ ဟုပြောပါသည်။ သမီးရဲ့ နောက်ဆုံး ထွက်သက်ဟာ ပထမဆုံးဝင်သက် ရှိတဲ့နေရာပဲဖြစ်ချင်တယ်။
(၁၉၅၆) ခုနှစ် ဒီဇင်ဘာလထဲတွင် မိုးကုတ်သို့ ပြန်ခဲ့ပါသည်။ မြနန်းနွယ်၏ ရောဂါ အခြေအနေ မှာ တိုး တက်ကောင်းမွန်လာခြင်းမရှိပါ။ပိုမိုဆိုးရွားလာပါသည်။အမောစိတ်လာပါသည်။
မိုးကုတ်သို့ ပြန်ရောက်ပြီး (၁၉၅၇)ခုနှစ် ဖေဖေါ်ဝါရီလတွင် ဝေဒနာခံစားနေရသော ဘ၀မှ အပြီးတိုင် လွတ်မြောက်ပြီး ကောင်းရာသုဂတိ ဘုံဌာန သို့ ရောက်သွားပါသည်။ထိုအချိန်တွင် မြနန်းနွယ်၏ အသက် မှာ (၅၁)နှစ် ခန့်ရှိခဲ့ပါသည်။မိုးကုတ်သို့ရောက်ပြီး ပန်းနာ ရင်ကြပ် ရောဂါဝေဒနာဖြင့်ကွယ်လွန် သွားခဲ့ပါသည်။

Hninchitthuျမှကူးယူပါသည်။